ဒီနေ့မနက်တော့
၇ နာရီမှ အိပ်ယာကနိုးပါတယ်၊ အပြင်မှာ မှောင်နေတုန်းပဲမို့ မီးဖွင့်ပြီးနာရီကြည့်ရတယ်။
အိပ်ချင်စိတ် မကုန်တတ်သေးပေမယ့် နည်းနည်းတွယ်ခိုင်လာစ စာရေးကျင့်ကလေးက တိုက်တွန်း တာကြောင့်
အိပ်ယာထဲပြန်မ၀င်ဖြစ်ပဲ ကွန်ပြူတာကိုဖွင့်ပါတယ်။ ထုံးစံအတိုင်းမေးလ်ဖွင့် (ဘာမေးလ်မှဝင် မနေတာကလဲ
ထုံးစံအတိုင်း)၊ နောက်ဖဘထဲ ၀င်ပါတယ်။ ဖတ်ချင့်စဖွယ်တွေများနေလို့
ညီဇံလှ ချက်တင် ထဲက လှမ်းနှုတ်ဆက်တာတောင် အင်း.. အဲ..နဲ့ပဲ
တုန့်ပြန်ဖြစ်တယ်။ ဖဘထဲမှာက အချိန် ၁ နာရီဖြုန်းပြီးတိုင်း ပျမ်းမျှခြင်း ၅ မိနစ်စာလောက်တောင်
တန်တန်ရာရာ ရခဲပါတယ်။ ဒီလိုပဲ အပျင်းပြေ ဖတ်ဖြစ်တာများတယ်။ နောက် ဘာကိုမှန်းမသိ
‘ငြိ’
နေရတာကြီးကိုလဲ
ကိုယ့်ကိုယ်ကို မကြိုက်ပါဘူး။ ဒါပေမယ့် ဖဘ လှိုင်းကို အများသူငါတွေလိုပဲ
စီးဖြစ်နေတယ်။
ဖဘ
လှိုင်းအစီးကောင်းမိတာ အဲဒီထဲတင်မနေတော့ပဲ ဆက်စပ်ရာ လင့်ခ်တွေဆီပါရောက်သွားလိုက်၊
ညီဇံလှ ကဗျာနဲ့ HOE မဂ္ဂဇင်းတွေဆီ
နစ်သွားလိုက်၊ မင်းကိုနိုင်နဲ့ပတ်သက်တဲ့ ပို့စ်တွေဆီ
အာရုံ ကပ်ညိလိုက်နဲ့ ၁၀ နာရီကျော်သာသွားတယ်၊ မူလ ရည်ရွယ်ရင်း စာရေးခြင်းအမှု ဆီပြန် မရောက်နိုင်တော့ပါဘူး။
ခုတော့ ထိုင်ပြီ။ ဇွတ် ပေပြီး စာရေးမယ်လုပ်ကာမှ ‘ခင်အောင်အေး’ဆိုပြီး ကိုပြည့်မင်း ချက်တင်ပေါ်တက်လာတယ်။
ဒီလို နံမယ်ခေါ်ပြီး အာလုတ်ပြုလိုက်ကတည်းက ရင်ထဲ ထိတ်ထိတ်ပျာပျာဖြစ်ရပြီ။
အဲ့သလို သူခေါ်ခဲတယ်။ ဟေး ဟိုင်းနဲ့ စ,ရင်စ မစရင်လည်းပြောချင်ရာကို တန်းပြီး ပြောလိုက်တာများတယ်။
ထင်တဲ့အတိုင်းပါပဲ.. khin: ဟုတ်ကဲ့ အကိုမထိတ်သာ မလန့်သာရှိ လိုက်တာ ဘာများလဲ
အကိုရေ့ လို့ ကိုယ်က မေးလိုက်တော့..သူ့ဖက်က အသံတော်တော်ကြာကြာ တိတ်သွားတယ်
(အင်းတကယ်တော့ typing ဆိုတာလေးပဲ
ပေါ်နေပြီး
သူ့ချက်တင်ဘောက်စ်မှာ ဘာမှ ထပ်တက်မလာတာကိုပြောတာ) ခဏနေတော့မှ chat box မှာ
yesterday
i go and see hla than.his condiction is no good. လို့ တက်လာတယ်ထင်တဲ့အတိုင်းပါပဲ။
တနေ့က ဒီကောင်ဆေးရုံတင် ရပြန်ပြီလို့ ကိုပြည့်ပြောလို့ သိထားပြီးသားမို့ဒါပဲ
ဖြစ်မှာပဲ ထင်လိုက်တယ်။ ဒါနဲ့ ငေါင်ဆင်း သွားပြန်တယ်။ ဒီနေ့ ၁၈ ရက် အောက်တိုဘာဟာကိုယ့်ကို
တယ်ကိုင်လှုပ်ပါလား။
မနက်က
breakfast လုပ်ရင်းနဲ့
စားရင်းနဲ့ အတွေးလေးတွေ ပွားမိတာရေးမယ် စိတ်ကူးထား တာတွေ
ပျောက်ကုန်တယ်။ သာမာန် နေ့စဉ်လုပ်ကိုင်မိနေတာတွေထဲ လောဘ၊ ဒေါသ၊ မောဟ
စိတ်တွေ သိမ်သိမ်မွေ့မွေ့ကလေးဖြစ်နေ ပျက်နေပုံကို ဖျတ်ကနဲ အမိဖမ်းလိုက်မိပုံအကြောင်းရေးမလို့၊
ခုတော့ ဖတ်ရတဲ့ ပို့စ်တွေ စာတွေ ကနေ လောဘ၊ ဒေါသ စိတ်တွေ အထင်အရှားဖြစ်နေရပြီမို့
ဟိုဟာကို ခဏထားလိုက်တော့မယ်။ ကိုပြည့်က “သူကတော့စိတ်မာပါတယ်။သွာတွေ့ ရတဲ့လူက
စိတ်မချမ်းသာဘူး” လို့ ဆက်ပြောတယ်။ မနှစ်က စက်တင်ဘာ ရန်ကုန်ရောက်တုန်းသူ့ဆီ
၎-၅ ရက်လောက် ၀င်ခွေဖြစ်ပြီး အတူအိပ် အတူစားနေခဲ့တဲ့ ရက်တွေဆီ စိတ်ရောက်သွားတယ်။
နောက် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကထင်ရဲ့သူ ဆေးရုံတက်ရပြန်တဲ့အကြောင်းသိရဇော် ကြီး နဲ့သူ့အကြောင်းပြောဖြစ်
စိတ်ထဲ မချိတင်ကဲနဲ့(အဲ့ဒီ တုန်းကလဲ နောက်ဆုံးအချိန်လို့ပဲထင်ခဲ့တယ်)
ကဗျာတပုဒ်ရေးဖြစ်တယ်။ ကိုပြည့်ဆီ ပို့လိုက်တယ်၊ ကိုပြည့်က သူ့ကိုပြဖို့မသင့်တော်သေးဘူး
လို့ပြောတယ်။ ဟိုး ပထမ တစ်ခါ နှစ်ထောင့် ဘယ်နှစ်ခုနှစ်ကလဲ မသိ သူဆေးရုံပထမအကြိမ်တက်တုန်းကတော့
‘လှသန်းအတွက်
သာမာန်ရိုးရိုးကဗျာတပုဒ်’
ဆိုတာ
ရေးမိတော့သူ့ကို
ဆေးရုံပေါ်မှာ သွားရှာတာ ပေးဖတ်မလို့။ သူက ဆေးရုံက ဆင်းသွားခဲ့ပြီ။ နောက်ဘယ်လိုသူ့လက်ထဲ
ပေးမိတယ် မမှတ်မိတော့ဘူး။ သူ ‘လက်မရွံ့ ကဗျာဆရာ’ လုံးချင်းကလေး ထုတ်တော့အဲ့ဒီကဗျာကို “ဂုဏ်ပြုကဗျာ”ဆိုတဲ့အထဲ ထည့်ထား တယ်။ ဟေ့ကောင် ငါမင်းကို ဂုဏ်ပြုတာမဟုတ်ဘူးလေ ဆဲထားတာလေ ဆိုတော့ သူရယ်ကျဲကျဲ
လုပ်နေခဲ့တယ်။ ပါးစပ်ကြီးတလုံးနဲ့ လူတဖက်သားကို အင်မတန် ချိုးချိုးဖဲ့ဖဲ့ပြောတတ်တဲ့ကောင်၊
ကိုယ့်တောင် ရှောင်တာမဟုတ်ဘူး၊ ထင်ရာစွတ်ပြောလို့လူကြီးရှက်ရယ် ဆိုသလို ရယ်နေခဲ့ရတဲ့
အကြိမ် ကလဲ မနည်းဘူး။
သေခြင်းတရားဆိုတာကြီးနဲ့ နီးနီးကပ်ကပ်
လက်ပွန်းတတီးနေလိုက်ရတဲ့ သူ့ကို ကိုယ်ဘယ်လိုမှ ကိုယ် ချင်းစာလို့ရမှာ မဟုတ်ဘူး။ သူ့ဝမ်းနာ
သူသာ အသိဆုံးနေမှာပါ။ ကိုယ်က ‘မင်းနဲ့ထပ်တူ ခံစားရ တယ်ကွာ’ လို့ပြောလိုက်တာနဲ့ ဒါ ပလီပလာပြောတာပဲ
ဖြစ်တော့မယ်။ ကိုယ်လဲ သေဘေးတွေ တကြိမ် မကကြုံဖူးတယ်။ ကြုံလိုက်ရတဲ့ အခိုက်အခါ
နာရီပိုင်း ရက်ပိုင်းမျှပါပဲ။ သူကတော့ တကယ်အပ်ကျမတ်ကျသေခြင်းတရားကြီးတခုလုံး သူ့ကိုယ်ထဲ
သူ့ဘ၀ထဲ ၀င်ရောက်လှည့်ပတ် ကျက်စားနေတာကြီးကို ရက်တွေ လတွေ နှစ်တွေနဲ့ချီပြီး ခံစားခဲ့ရသူမို့
ကိုယ်က ဘယ်လို ပြည့်မီအောင် နှိုင်းစာနိုင်ပါ့မလဲ။ သူ့မှာဖြစ်ပျက် ခံစားနေရတာတွေအပေါ် ကိုယ့်စိတ်ထိခိုက်ခြင်းကို
ကိုယ်ပြန်ဖတ်မိတဲ့ အနေမျိုးနဲ့သာ သူ့အကြောင်း ကိုယ်ပြောပြနိုင်မှာပါ။
ဟိုကဗျာ ‘လှသန်း’ ဆိုတာလေးကို ဒီနှစ်ဆန်းပိုင်း သူဆေးရုံတက်စဉ်တုန်းက ရေးမိပေမယ့် သိပ်နီးစပ်တဲ့
နှစ်ယောက်၊ သုံးယောက်ကိုပြတာကလွဲလို့ Publish မလုပ်ခဲ့ဘူး။ အင်တာနက် အွန်လိုင်းမှာ လှသန်းအကြောင်း ဖွေးဖွေးလှုပ်နေတုန်း ကိုယ်ရောယောင် မီးပုံးပျံ မလွှတ်ချင်ခဲ့ဘူး။
ရာသီစာ ချိန်ကိုက် ကဗျာမျိုး မနှစ်ခြိုက်တတ်သူမို့ ချိန်ကိုက် လွှတ်တာကိုမျိုးကိုလဲ ရှောင်ရှားချင်မိပြန်တယ်။
ခုတော့ ကိုယ့်ဖာသာ သိမ်းဝှက်ထားတာလဲမက။ မီးရှူးမီးပန်း ထဖောက်တာလဲမကျ ဒီပို့စ်နဲ့ အတူ ရောပြီး ဖော်ပြလိုက်ပါတယ်။ဖတ်မိသူတွေ ဖတ်မိကြစေ။ လှသန်းကိုအောင့်မေ့သတိရကြစေ။ လှသန်းကို မေတ္တာပို့ဆုတောင်းပေးနိုင်ကြစေ။နောက်ပြီးတော့…(တမင်တကာ ဒီနေရာမှာ တန့်ရပ်ပစ်လိုက်တယ်
တကယ်လဲ ဘာဆက်ရေးရမှန်း မသိနိုင် ဆက်ရေးဖို့လဲ မတတ်နိုင်တော့ဘူးလေ။)
ခင်အောင်အေး
၁၈၊
အောက်တိုဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ် လန်ဒန် ၁၀း၅၈ နာရီ
(စာပြီးမှ
ခေါင်းစဉ်တပ်ဖြစ်တော့ တောင်တောင်အီအီအတွေးများမှတ်စု ဆိုပြီး နံပတ်ထိုးမယ်လဲ လုပ်ရော
တိုက်တိုက်ဆိုင်ဆိုင်
၁၃ လာကျနေပြန်ပါလား။ လှသန်းရေ အကိုအယူမသီးပါရစေနဲ့ကွာ…)
လှသန်း
လှသန်းဆိုလဲ
မင်းပဲ
ကြည်မောင်သန်းဆိုလဲ
မင်းပဲ
လိပ်ပြာသန့်သန့်မှသည်
မောင်သီးသန့်အထိ
မင်းကိုယ်မင်း
ကိုယ်ဖျောက်ခဲ့ရတာ
မင်းစိတ်နဲ့မင်း
သေနတ်ဖောက်ခဲ့ရတာ
မင်း
ကျောင်းဆောက် ဘုရားတည် ကုသိုလ်တွေပြုပြီးပြီ
မင်းအကုသိုလ်ပြုတာတွေကိုတော့
လူတွေ အလွယ်တကူမြင်သိ စကားတင်းဆိုပြီးမို့
ထည့်
မပြောတော့ဘူး။
လှသန်း
အသည်းကွဲပြီးနောက်သတင်းစကား
ကိုယ်နည်းနည်း ဖျားသွားတယ်
ရွှေလမင်းမှာ
တနေ့ ကိုအောင်ချိမ့်ကို မေးရတယ် သူက မင်းလက်ရေးနဲ့
သူ့
ဖေဖော်ရီကဗျာလေး (လက်နှစ်လုံးသာသာ စာအုပ်ညှပ်တဲ့ စက္ကူစလေးလိုလိုပေါ်မှာ)
အဲ့ဒါပေးတယ်
စိတ်တွက်နဲ့တွက်လိုက်တယ် သူလဲ အောင်ချိမ့်အနီးကပ်ပဲလို့
(တစ်ထောင့်ကိုးရာ
ကိုးဆယ် တဝိုက်လို့ထင်တယ် အဲ့ဒီတုန်းက)
ကိုယ်တို့
တရွတ်တိုက်ပွတ်ဆွဲခံရတဲ့ ကဗျာဆရာဘဝ ဒီဘဲကြီးမပါပဲ ပြောလို့မှမရတာ
လှသန်း
မင်းထောင်ကျတာတွေဘာတွေ
ငါမသိဘူး
မင်းကွန်ဆထရပ်ရှင်းတခုမှာ
တာဝန်ခံလုပ်နေတာတွေ ငါမသိဘူး
မင်း
အိပ်စပို့ ပုစွန်တွေနဲ့ ဘာညာ နားစွန်နားဖျားကြားမိတယ် ငါမသိဘူး
မင်းဆံပင်ရှည်ကြီးတရမ်းရမ်းနဲ့
ခရေမှာ ရွှေလမင်းမှာ အကိုကြီးဝိုင်းမှာ ထိုင်တယ် ငါမသိဘူး
မှတ်မှတ်ရရ၊
၁၉၉၅ လောက် ငါတို့ပင်လယ်လုပ်နေချိန် မင်းနဲ့ငါ ရေစက်ဆုံကြ
ကြိုသိနှင့်ပြီးတဲ့
တယောက်အကြောင်းတယောက် တနေ့လည်ထဲနဲ့ အပြီးမော့သောက်ကြ
လွဲချော်ခဲ့တဲ့
ကာလတွေအတွက် အဆဲအဆိုလေးတွေနဲ့ မချင့်မရဲပြောဖြစ်ကြ
ငါကလဲ
အောင်ချိမ့် ဆို ငါကလွဲလို့ ဘယ်သူမှ ငါ့လောက်သိတယ်လို့မထင်
မင်းကိုယ်မင်းလဲ
အဲလိုပဲ ထင်ခဲ့တာလို့ မင်းကပြောတော့မှ ငါတို့ အပြိုင်အဆိုင် သူ့ကဗျာတွေ
တယောက်တလဲ
အလွတ်ရွတ်ပြမိကြ ကြက်သီးထ စရာ အတိတ်တခုပါ ကွာ
လှသန်း
ငါ
စာရင်းကလေး တခု တို့မယ်နော်..
၁)
မနက် ၉ နာရီ၊
၂)
ပုစွန်တောင် ဂဏန်းဆိုင်၊
၃)
ဘီအီး တပိုင်းပြီးတပိုင်း၊
၎)
ဇီးရောင် စူပါကပ်၊
၅)
ဟိုလူကြီးကဗျာတွေ၊
၆)
မျက်လုံး နှစ်စုံပြူးကျယ်လာပုံက စားပွဲပေါ်ပြုတ်ကျလုမတတ်၊
၇)
၂ ယေက်ပေါင်းပြီး ကမ္ဘာကြီးတခုလုံးကိုသိမ်းမိပြီးသလို စိတ်မြောက်၊
၈)
မြောက်ဒဂုန် (၈) သ/မ မဉ္ဇူလမ်းကိုရွှေ့၊
၉)
အဲဒီကအပြန် ဗိုလ်အုန်းသီးကွေ့၊
၁၀)
သာကေတ၊
၁၁)
မြစ်လား ချောင်းလားဖက်ဆီက လေတဖြူးဖြူး၊
၁၂)
ညနေစောင်းလာခိုက် ဘီအီးနောက်တပိုင်း၊
၁၃)
ဘယ်လို အိမ်ပြန်ရောက်မှန်းမသိ ဆိုတဲ့ ဝါကျနဲ့ အဆုံးသတ်ခဲ့တယ် အဲဒီနေ့။
လှသန်း
ဒီလိုနဲ့
မင်းနဲ့ငါ နီးလိုက်ဝေးလိုက်
တခါတခါ
ဘားလမ်းထိပ်(ဗိုလ်ချုပ်ဖက်) လက်ဖက်ရည်ဆိုင်တခုမှာ ထိုင်လိုက်
ကဗျာတွေ
ဘာတွေ သိပ်လည်း ပြောဖြစ်ကြတယ်တော့မဟုတ်ပါဘူး
မင့်သည်းခြေကြိုက်
အတင်းအဖျင်းကတော့ ဒို့ အမြည်းပေါ့ကွာ
ခက်တာက
မင်းနဲ့က ပယ်ပယ်နယ်နယ် မသောက်ဖူးဘူး
မင်းနဲ့
လူချင်းလုံးမိမယ်မှ မကြံသေးဘူး မင်းက ရောဂါနဲ့
အရက်ရှောင်ရတာနဲ့
ဘီယာရှောင်ရတာနဲ့ မင်းကိုယ်က ဆေးစော်အမြဲနံလို့
တော်လေးလဲကြာရော
မရှောင်သာတဲ့ လမ်းမြှောင်ကြား မိချောနဲ့ညားရော
သာ၍
ဝေးရာဆီသို့ပါ၊ မင်းနဲ့ ငါ သိပ် မဆုံဖြစ်ကြတော့ပါ
လှသန်း
နေအုန်း
ဟ
အဲ့ဒီမတိုင်ခင်
မင်း မလေးက ပြန်လာပြီး အသဲအသန်ဖြစ်
သဃန်းကျွန်းဆေးရုံမှာ
တက်နေတာ အေး.. ၉၉ လား ၂၀၀၀ လား
အဲလောက်က
မင့်သတင်းတွေ ကြားနေတယ် ငါမအားဘူး အလုပ်ပိနေခဲ့တာ
ဆေးရုံကို
မရောက်ခဲ့ဘူး ကိုယ့်ဘဝနဲ့ကိုယ် လေးလံ ပိကျနေရင်း မင်းကိုလဲမေ့နေခဲ့မိ
(
ဖြောင့်ချက်တခုလို ဒါကို တမင်ထည့်ရေးပါတယ် ဟေ့ယောင်ရေ့…)
တနေ့
ကိုယ့်အလုပ်က မနက်မိုးမလင်းခင် လေဆိပ်တက်ရတာမို့ လေဆိပ်ကအပြန်
ရုံးကိုပဲ
တန်းလာခဲ့လိုက်တော့တယ် မနက် ၆ နာရီလောက် ရုံးစားပွဲမှာ ထိုင်ရင်း
မင်းကို
သတိရသွား ဟာ..ဒီကောင်..တနေ့က အောင်ဘညို ပြောတော့ မြော်လင့်စရာ
မရှိတော့ဘူးဆိုလား
အဲဒီသတင်းတောင် ၃၊ ၄ ရက်ရှိသွားပြီဆိုတော့ ခုလောက်ဆို…
ငါ
ဒိန်းကနဲ ဖြစ်သွားတယ် တော်တော်စိတ်မကောင်းဖြစ်သွားတယ် နောင်တ လဲရမိတယ်
စာရွက်တစ်ရွက်ဆွဲထုတ်တယ်
စကားလုံးတွေ စာကြောင်းတွေ တရဟော ကျလာတယ်
မင်းဒီလောက
မှာ ရှိချင်မှ ရှိတော့မယ် ထင်ပြီးရေးခဲ့တဲ့ ကဗျာ..
(ဒီလို
တယောက်ယောက်ကို အမည်တပ်ပြီး ရေးခဲ ပါတယ် ကိုယ့်ကဗျာဆရာဘဝမှာ)
“လှသန်းအတွက်
သာမာန်ရိုးရိုးကဗျာတပုဒ်”
အဲဒီနောက်
မင်းတကယ် မသေခဲ့ပဲ တောင်ကျော်ခဲ့တယ်
အဲဒီ
အဖြစ်အပျက်ကလေး ပြန်ပြောရင်းငါတို့ ပြုံးမိကြ စိတ်သက်သာရာရခဲ့ကြ။
လှသန်း
ခု
၂၀၁၁ ဖေဖော်ဝါရီ ၁၇ ရက် နေ့လည် ၁၂နာရီ ၉ မိနစ်
ငါ့မှာ
နေ့စွဲတွေ အချိန်တွေကို ဂရုတစိုက် ထည့်သွင်းမှတ်သားတဲ့ အကျင့်ရှိနေပြီ
(စောက်
အသက်ကလေးက ရလာပြီကိုး၊ ဒါလဲ မင့်လေသံ ကိုပဲ အတုခိုးလိုက်တယ်)
မနေ့က
ဇော်ကြီး(သစ်ကောင်းအိမ်)နဲ့ အွန်လိုင်းမှာတွေ့ဖြစ်တယ်
[thitkaungeain: ကိုလှသန်းသတင်းကြားပြီးပြီလား
အခြေအနေမကောင်းဘူး ကျောက်ကပ်ဆေးရမယ့်အခြေအနေရောက်နေပြီတဲ့
me: ဟင်
12:05 PM ဟုတ်လား] ငါ ငိုင်ကျသွားတယ် ပြီးခဲ့တဲ့ အခေါက် (‘နောက်ဆုံး’
လို့ ရေးပြီးမှ
‘ပြီးခဲ့တဲ့’ လို့ပြန်ပြင်တယ်) ရန်ကုန်ရောက်တော့
မကြုံစဖူး မင့်ဆီ ၅ ရက်လောက် အိပ်ခွင့်
ကြုံခဲ့တယ်
ထပ်ခိုးပေါ်က ရေတိုင်ကီတစ်လုံးနဲ့မင်းနဲ့ တယောက်တဝက် မျှပြီး နေတဲ့
အခန်းကလေး
(မီးခံသေတ္တာတလုံးလဲရှိ မတ်တပ်ဘီရို တလုံးလဲရှိ နောက်တော့ ငါသောက်တဲ့
ပုလင်းပြားလေးတွေနဲ့ထပ်ဖြည့်ကြည့်ရတဲ့)
ခု ငါ မြင်ယောင်နေတယ် မင်းရုပ်သွင်ကို ငါ့ဖုံးကင်မရာ
လေးနဲ့
ဓါတ်ပုံရိုက်ခဲ့တယ် မင်းဓါတ်နဲ့ ငါ့ဓါတ် ပူးကပ်ခွင့်ရခဲ့တယ် အမ်တီဗွီတွေကြည့်ရင်း မင့်ကိုယ်
မင့်
လှည့်စားနေတာ ငါရိပ်မိခဲ့တယ် ငါ့သက်ပြင်းကိုလဲ မင်းရိပ်မိချင်ရိပ်မိလိမ့်မယ် ငါတို့အချင်းချင်း
ကြားမှာ
မသမာစိတ်တွေ မရှိတာ တခုထဲနဲ့ မင်းနဲ့ငါ ဒီဘဝမှာ ဒီလောက်နဲ့ တန်နေပါပြီ်။
လှသန်း
ငါ
အခု ဒီကဗျာကိုရေးတယ်
ဟို
တခါလိုပဲ တောင်ကျော်ပါစေ ဆိုတဲ့ စေတနာနဲ့ပါ
ကဗျာကို
ပါစင်နယ် လုပ်ရေးဖို့ သိပ်ရှက်တတ်တဲ့ကောင်ပါ
ငါ
လုပ်နိုင်တာကလဲ ဒါပဲဆိုတော့ ငါ ဒါပဲ လုပ်လိုက်တယ်
မျက်နှာမာ
အသံမာကြီးနဲ့ ဟိုလူ့ လှမ်းဆဲ ဒီလူ့သရော်မော်ကား ပြောကြအုန်းစို့လားကွာ
သိပ်
မကြာခင်မှာပေါ့။ ။
ခင်အောင်အေး
၁၇ ဖေဖော်ဝါရီ ၂၀၁၁ ဘန်ကောက်
၁၂း၁၈ နာရီ
Read more...