‘ လောက်’ တို့၏ ဘာသာစကား

အဲဒီစကားကိုမပြောခင်ကတည်းက လိုအပ်ရင် ပြန်ပြင်ပြောဘို့အဆင်သင့်
စကားတွေဟာ ကတိတည်သလား ကတိဖောက်ဖျက်တတ်သလား
စကားက စကားတွေပြောသလား စကားက စကားများသလား
စကားနဲ့ စကားထဲကအရိုးအသားဖွဲ့စည်းပုံ စကားကိုရိုးရိုးသားသားပြောပုံ
စကားကို စာလိုရွတ်ပုံ စကားကို စကားပြောသလိုပြောပုံ
စကားမပြောပဲ စကားပြောလိုက်သလို ခရီးရောက်ပုံ
လမ်းခရီးတလျှောက် စကားတွေပေါက်ပေါက်ဖောက်လာပုံ
လမ်းခရီးတလျှောက် စကားမပြောပဲ ရေငုံနှုတ်ပိတ် လိုက်လာပုံ
ရေငုံထားတဲ့အခါ ပြောချင်တဲ့စကားကို ဘယ်လိုပြောမလဲ
ဘယ်လိုပြောလိုက်မယ် ဘယ်လိုဆိုလိုက်မယ် သေချာတွက်ချက်ထားပြီးမှ
တွက်ထားတာတွေ ပြောပြလိုက်တယ် သူ တွေငေးငေး ဖြစ်သွားတယ်
‘ဟဲ့.. ငေးမနေနဲ့ စကားပြောမလို့ဆိုပြီးချိန်းလို့လာတာ ပြောစရာရှိပြော’
ပြောစရာရှိမှ ပြောရမယ့်စကားမျိုးနဲ့ ပြောစရာရှိရှိ မရှိရှိ ရှာကြံပြောရမယ့်စကားမျိုးခွဲခြားသိလား
ကိုယ် စကားပြောရမယ့်လူကို အမျိုးအစားခွဲကြည့်ရသေးတာ
ဓါတ်ခွဲခန်းထဲမှာ စကားတွေကို ဓါတ်ခွဲကြည့်တော့ စလုံး နဲ့ ကကြီး နဲ့ ရေးချ နဲ့ ၀စ္စပေါက်နဲ့
တကွဲတပြားစီထွက်လာတာကို အနုကြည့်မှန်ပြောင်းနဲ့ ထပ်လေ့လာရတယ် လို့ဆရာကပြောတယ်
ဆရာပြောတဲ့စကားတွေကို အနုစိတ် ခွဲခြမ်းစိတ်ဖြာကြည့်တော့လဲ စကားကို စကားလိုပဲ ပြန်မြင်ရတယ်
စကားဟာ မှန်အကြည်နဲ့ထည့်သိမ်းထားမှ တာရှည်ခံတာတဲ့
ကောက်ပင်ရိပ်လှီးထားတဲ့ စကားကတော့ မုန့်လုပ်စားဖို့ အဆင်ပြေမယ်
စကား စကား ပြောပါများ စကားထဲက မျက်ချေးရ(ဇာတိပြစရာ ရွာကဖျက်တဲ့အထဲပါသွားပြီ)
မျက်နှာရမယ့်စကားမျိုးဆို အလုအယက်ပြောချင်ကြဆိုပဲ
စကားလု ပြောရင်း စကားနင်ပြီး စကားသီးသွားတာ စကားမပြောနိုင်ဖြစ်သွားဆိုလား
စကားက စကားကို စကားနဲ့ ပြောတာလုံးဝ မကြိုက်ဘူး
စကားပါဆိုမှ စကတည်းက ကားပြီးသား
စကားမှာ အခု ပြောစရာ စကားတွေ အများကြီးရှိနေပြီတဲ့
ဘာကစ ပြောရမလဲ
စကားပြောဘို့ အချိန်ကျပြီဆိုလို့ ပြောဘို့လဲထ လိုက်ရော..
စကားအကျိုးအကြေတွေ ကိုယ်ပေါ်က တဖွားဖွားထွက်ကျလာလိုက်တာ
လောက်တွေ။ ။

ခင်အောင်အေး

1 comments:

အိန္ဒြာ said...

စကားတွေ
စ ကတည်းက ကားနေတာ......တဲ့

ကြိုက်သွားပါတယ်အကို

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP